လေသေနတ်
အစောဆုံးဖြစ်နိုင်ချေရှိတဲ့လေသေနတ်ကို ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့က Livrustkammaren ပြတိုက်မှာပြထားပါတယ်။ 1580 ခုနှစ်(၁၆ရာစုလယ်)ကသေနတ်ပါ။ လေသေနတ်လို့ခေါ်တာကတော့ လေအားနဲ့ပစ်လို့ခေါ်တာသက်သက်ပါပဲ။ ဖိသိပ်ထားတဲ့လေဖြစ်ချင်ဖြစ် ဓါတုဓါတ်ပြုမှုမဖြစ်တဲ့ဓါတ်ငွေ့တမျိုးကိုဖြစ်ဖြစ်အသုံးပြုရပါတယ်။ ကျည်ကိုတော့ pellet သို့မဟုတ် BB ကျည်တွေသုံးပါတယ်။ လေရိုင်ဖယ်မှာတော့ ပစ္စတိုလိုမဟုတ်ဘဲ မြှားတွေ ထိပ်ချွန်ဆူးလေးတွေနဲ့ပါပစ်လို့ရပါတယ်။
၁၇ ရာစုရောက်တဲ့အခါမှာသေနတ်ကို .33 တို့ .51 တို့စတဲ့ပြောင်းကျယ်တွေနဲ့လုပ်လာပါတယ် သမင်တွေ တောဝက်တွေကိုအမဲလိုက်ဖို့ပါ။ လေအိုးထဲပန့်နဲ့လေထိုးထည့်ရပါတယ် 650 ကနေ 1000fps ရှိကြပါတယ်။ နောက်တော့စစ်ပွဲတွေမှာပါသုံးလာပါတယ်။ ထင်ရှားတဲ့တိုက်ပွဲဝင်သေနတ်ကတော့ Girandoni air rifle ပါ။ လေသေနတ်လို့သာပြောရတာပါ ယမ်းသေနတ်တွေကိုယှဉ်လာနိုင်တဲ့အခြေအနေရောက်လာပါတယ်။
ဘာကြောင့်ဆိုတော့သူဟာ စိုစွတ်နေတဲ့အခြေအနေ မိုးရွာနေတဲ့ရာသီမှာတောင်ပစ်ခတ်နိုင်တယ် သူ့ခေတ်ကပေါ်နေတဲ့ matchlock musket သေနတ်ဆိုရေစိုသွားရင်ပစ်မရတော့ပါဘူး မြန်မာမှာဆိုတောင်ငူခေတ်အစလောက်ကာလတွေက သေနတ်ပါ။ ပြီးတော့ပြောင်းထဲကိုယမ်းတွေထောင်းထည့်ရတဲ့သေနတ်တွေထက်လည်းမြန်မြန်ဆန်ဆန်ပစ်လို့ရပါသေးတယ်။ ဒါ့အပြင်ယမ်းထောင်းထည့်ရတဲ့အဲဒီခေတ်ကသေနတ်နဲ့ပြောင်းအကျယ်ချင်းတူရင် သူကပိုအသံတိုးတယ် ပြောင်းဝကမီးမပွင့်ဘူး မီးခိုးမထွက်ဘူးဆိုတဲ့အချက်တွေသာပါတယ်။ ဒီအချက်တွေကြောင့်သေနတ်သမားရှိနေတဲ့နေရာကိုဖုံးကွယ်ထားနိုင်ပါတယ်။ ၁၈-၁၉ ရာစုတွေမှာပေါ်တဲ့ ယမ်းမည်းတွေနဲ့ပစ်တဲ့ musket တွေကတော့ပြောင်းကမီးခိုးထွက်တာတွေအသံကျယ်တာတွေနဲ့ပုန်းကွယ်ပစ်ခတ်ဖို့ခက်ပါတယ်။
လေသေနတ်ဟာ ကျွမ်းကျင်တဲ့စစ်သားတယောက်လက်ထဲမှာအားသာချက်တွေဖြစ်စေပါတယ်။ ပြင်သစ် သြစတီးယားနဲ့တချို့သောနိုင်ငံတွေကအထူးစနိုက်ပါတွေဟာ ပင်မတပ်ဖွဲ့ကနေသီးသန့်ခွဲထွက်ပြီးစစ်ဆင်ရေးဆင်းကြတဲ့အခါ လေရိုင်ဖယ်တွေအသုံးပြုကြပါတယ်။ သြစတီးယားရဲ့ 1770 မိုဒယ်လေသေနတ်ကို Windbüchse ဆို ၄ပေအရှည် ၁၀ပေါင်အလေးချိန်မို့ musket ယမ်းထောင်းသေနတ်တွေနဲ့အလေးချိန်ရောအရှည်ပါတူပါတယ်။ .51 ပြောင်းအကျယ်ရှိပြီး ခဲဘောစေ့နဲ့ပစ်ပါတယ်။ လေအိုးကဖြုတ်နိုင်တပ်နိုင်ပြီး ကျွမ်းကျင်တဲ့သေနတ်သမားဟာ ပြွန်ပုံစံမဂ္ဂဇီးကို မိနစ်ဝက်အတွင်းကုန်အောင်ပစ်ခတ်နိုင်ပါတယ်။ ခြေလှမ်း ၁၀၀ အကွာကတစ်လက္မအထူသစ်သားထုတ်ခြင်းပေါက်ပါတယ် သူ့ရဲ့ထိရောက်မှုက အခုခေတ် 9×19mm သို့မဟုတ် .45 ACP caliber pistol တွေနဲ့အတူတူပါပဲ။
Circa ဆိုတဲ့ 1820ခုသေနတ်ကိုတော့ ဂျပန်လူမျိုး Kunitomo Ikkansai ထွင်တာပါ။ .45 caliber ဘောစေ့ ၂၂ လုံးဆန့်ပါတယ်။ အဲဒီခေတ်က ဘောစေ့တွေနဲ့ပစ်တာမို့ magazine ကအခုခေတ်သေနတ်တွေလို လေးထောင့်အပြားမဟုတ်ဘဲ ပိုက်လုံးရှည်ပုံသဏ္ဍာန်ရှိပါတယ်။ သေနတ်ဒင်ကိုလေအိုးဖြစ်အောင်လုပ်ထားပြီး 800psi[55bar] နဲ့ပစ်ပါတယ်။ တမိနစ်ကို ၂၂ ချက်ပစ်နိုင်ပြီး ပြောင်းရစ်တွေပါနေပါပြီ ပြောင်းရစ်တခုကို .462 လက္မကျယ်ပါတယ်။
ကမ္ဘာမှာ ပထမဦးဆုံးအလုံးအရင်းထုတ်လုပ်ပြီးဈေးကွက်ကိုထိုးဖောက်လာခဲ့တာကတော့ W.F. Markham Co ကထုတ်တဲ့challenger ဆိုတဲ့ 1888 ခုနှစ်လေသေနတ်ပါ၊ သီပေါအဖမ်းခံရတာ 1885 ဆိုတာကိုသတိပြုပါ။ နောက်ထပ်ထုတ်တဲ့မိုဒယ်ကတော့ Sears, Roebuck ကရောင်းတဲ့ Chicago ပါ တစ်ဒေါ်လာတောင်မရှိပါဘူး 73 cent နဲ့ရောင်းပါတယ်။ 1928 မှာ ကမ္ပဏီနာမည်ကို King Mfg လို့ပြောင်းပြီး နောက်တော့ Daisy က၀ယ်သွားပါတယ်။
1890 တွေကစလို့ ဘာမင်ဟန် အင်္ဂလန်တွေမှာလေနတ်ကို သေနတ်ပစ်အသင်းအဖွဲ့တွေက ပြည်သူ့ဂေဟာတွေမှာ အားကစားအနေနဲ့ပြိုင်ပွဲတွေလုပ်ပေးလာပါတယ်။ နိုင်တဲ့အဖွဲ့ကိုရှုံးတဲ့အဖွဲ့ကဆိတ်ပေါင်သားတွေပေးပြီးဆုချရပါတယ်။ 1899 မှာအဲဒီပြိုင်ပွဲတွေအရမ်းရေပန်းစားလာပြီး National Smallbore Rifle Association အသင်းကြီးပေါ်လာပါတယ်။ အဲဒီကာလမှာ Great Britain မှာ လေရိုင်ဖယ်အသင်းပေါင်း 4000 ကျော်ပေါ်လာခဲ့ပါတယ်။ မြန်မာတွေကတော့ တော်တဲ့ကနောင်မင်းသားကြီးတို့လိုလူတွေကို သာသနာပိုင်ဆရာတော်က"သတ္တ၀ါတွေအသက်သတ်တဲ့ဟာတွေလျှောက်စမ်းသတ်နေရင် ငါဆွမ်းဘုဉ်းမပေးတော့ဘူး ကျောင်းပြန်ကြွမယ် မောင်လွင်(မင်းတုန်းမင်း)" လို့ဘုန်းကြီးက၀င်နှောင့်လို့ ကမ္ဘာမှာပထမဆုံးရေမြုပ်ဗုံးထွင်နိုင်တဲ့ကနောင်မင်းသားကြီး လက်နက်နိုင်ငံတော်ကြီးထူထောင်မယ့်အိပ်မက်ပျက်ခဲ့ရသလို အာဏာရူးတူ(သားမက်လည်းတော်)သူမြင်ကွန်းမြင်းခုံတိုင်တို့ယုတ်မာမှုနဲ့ အသတ်ခံရလို့ လူချွန်မျိုးကန်းပြီး အင်္ဂလိပ်စကားကျွမ်းပေမဲ့မယားကြောက်သီပေါတက်လာလို့ သူ့ကျွန်ဘ၀ရောက်ကြခါစအချိန်မှာ အင်္ဂလိပ်တွေက လေသေနတ်အသင်း 4000 ကျော်ဖွဲ့ပြီးသာမန်အရပ်သားတွေတိုးတက်လို့နေပါပြီ။
လေသေနတ်အသုံးပြုပုံ
အမဲလိုက်ဖို့၊ ဥယျာဉ်ခြံအိမ်ဖျက်သတ္တ၀ါ(ကြွက်ခိုရှဥ့်)ထိန်းချုပ်ဖို့၊ အပန်းဖြေဖို့ (အပန်းဖြေတာကို plinking လို့ခေါ်ပါတယ်) နဲ့ ပြိုင်ပွဲဝင်ဖို့သုံးကြပါတယ်။ အလင်ဖစ်ခ် (မြန်မာတွေကတော့ အိုလံပစ်လို့မှားခေါ်ကြပါတယ်) ပြိုင်ပွဲတွေမှာ လေရိုင်ဖယ်နဲ့ပစ္စတိုကို 10m သတ်မှတ်ပါတယ်။ နောက်ပြီး Field target ပုံစံပြိုင်ပွဲဆိုတာလည်းရှိပါသေးတယ် သတ္တုနဲ့လုပ်ထားတဲ့ တိရစ္ဆာန် silhouette ပုံစံကိုပစ်ရတာပါ။ နောက်ပြီး Hunter field target ဆိုတဲ့ပြိုင်ပွဲမျိုးရှိပါသေးတယ်။ HFT အတွက် 24 ကနေ 135' (41.1m)အကွာအဝေးမှာ ပစ်ခတ်ဖို့သတ်မှတ်ထားပြီး FT အတွက်က 24 ကနေ 165' (50.25m) သတ်မှတ်ထားပါတယ်၊ စည်းမျဉ်းခြင်းလည်းမတူပါဘူး။ FT မှာ kill zone ရဲ့အရွယ်အစားကို တိုးနိုင်လျှော့နိုင်ပြီး အရွယ်အစားအမျိုးမျိုးသတ်မှတ်ထားပါတယ်။ UK နိုင်ငံမှာ လိုင်စင်လုပ်မထားတဲ့ လေရိုင်ဖယ်တွေနဲ့ပြိုင်ပွဲဝင်ချင်ရင် energy 12 ft.lb ဘဲရှိရမယ်လို့စည်းကမ်းထုတ်ထားပါတယ်။
ပုံမှန်သေနတ်တွေမှာ ယမ်းနဲ့စွမ်းအင်ယူပြီးပစ်ကြပေမဲ့ လေသေနတ်မှာတော့ spring-piston, pneumatic နဲ့ compressed CO2 တို့ရဲ့အားနဲ့ပစ်ကြပါတယ် (စပရင် လေ၊ ကာဘွန်ဒိုင်အောက်ဆိုဒ် စတဲ့လေသေနတ်အမျိုးအစားတွေအကြောင်းသိချင် "ဘယ်သေနတ်မျိုးရွေးရမယ်"ဆိုတဲ့ဆောင်းပါးကိုပြန်ရှာဖတ်ပါ လေသေနတ်ပစ်ဝါသနာရှင်များဆုံဆည်းရာ အဖွဲ့မှာရေးခဲ့တယ်လို့ထင်ပါတယ်- အခုနောက်ပိုင်းတော့ စာမူတောင်းတဲ့ဂရုတွေမှာဘဲရေးဖြစ်ပါတော့တယ်)။
လေသေနတ်ကျည်
Pellet
လေသေနတ်ထဲထည့်ပစ်တဲ့ခဲသီးတွေကို pellet လို့ခေါ်ပါတယ်။ ခဲသက်သက်ရှိသလိုသံဖြူတွေ သံမဏိထိပ်ချွန်တပ်ပလပ်စတစ်တွေနဲ့လည်းလုပ်ကြပါတယ်။ အများစုသုံးတဲ့ကျည်ကတော့ ပြောင်းအကျယ် .177 (4.5 mm) နဲ့.22 (5.5 mm / 5.6 mm) caliber ပါ။ ဒီမှာကတော့ No.1 နဲ့ No.2 လို့ခေါ်ကြပါတယ်။ ဘာကြောင့်ခေါ်မှန်းအကြောင်းရင်းမသိရသေးပေမဲ့ အစဉ်အဆက်တော့ဖြစ်နေပါပြီ မှန်းကြည့်လို့ရတာက .177 က 1 နဲ့စပြီး .22 က 2 နဲ့စလို့အလွယ်ခေါ်ရာကနေနာမည်တွင်သွားတာလားတော့မသိပါ။
ဒီသေနတ်ပြောင်းအကျယ်နှစ်မျိုးကို target practice, small game hunting နဲ့ field target shooting အတွက်သုံးပါတယ်။ Small game hunting ဆိုတဲ့အတိုင်း သားကောင်လတ်သားကောင်ကြီးပစ်မရပါ။ .177 ကဘယ်အကောင်အတွက် .22 ကဘယ်အကောင်အတွက်ဆိုတာရေးမပြချင်တော့ပါဘူး လူတွေပြောသလို .177 ကဟိုအကောင်တွေဒီအကောင်တွေ .22 ကျတော့ဘယ်လိုဘယ်ဝှါနဲ့ဆန်စင်ရာကျည်ပွေ့လိုက်စုံနေအောင်မှတ်သားစဉ်းစားနေရတာမဟုတ်ပါဘူး တကယ်တော့ ပြောင်းအကျယ်တမျိုးအတွက် category တခုစီဘဲရှိတာပါ။
.20(5.0mm), .25(6.4mm) စသဖြင့် ပြောင်းတွေဟာ .50 အထိအစားစားရှိကြပါတယ်။ .35 လောက်ကစပြီး big bore အုပ်စုထဲထည့်ပါတယ်။ Hatsan Carnivoreဟ[USA] တွေဆို .30 ကိုတောင် ပြောင်းကျယ်လို့စသတ်မှတ်ပါတယ်။
BB
သူ့ကိုတော့ USA မှာအသုံးများကြပါတယ်။ ကြေးနီ သို့မဟုတ် သွပ်နဲ့တွဲထားတဲ့ စတီးလ်ဘောစေ့ကိုခေါ်တာပါ။ သူလည်း .177 ကနေစရှိပါတယ်။ စတီးလ်ဆိုတာသံမဏိမို့မာလွန်းတဲ့အတွက် ရိုင်ဖယ်ပြောင်းထဲထည့်မပစ်ဘဲ ပြောင်းချောအနေနဲ့ပိုသုံးပါတယ်။ အနီးကပ်မှာ ပစ်မှတ်တိကျအားပြင်းပါတယ်။ ဝေးရင်တော့ ပြောင်းရစ်နဲ့သေနတ်အစစ်တွေလို အားပြင်းတာ ပစ်မှတ်တိကျတာမရှိတော့ပါဘူး။ .25 ပြောင်းတွေအတွက်ဆို ဘောစေ့တွေလည်း ကြီးလာပါပြီ။
BB တွေဟာ လေသေနတ်ကိုအစပြုဖို့ ကလေးတွေကိုစသင်ဖို့နဲ့ အိမ်တွင်းသုံးအနေနဲ့အသုံးပြုကြပါတယ်
Dart နှင့် arrow များ
၁၈ နဲ့ ၁၉ ရာစုတွေမှာ လေသေနတ်ကို မြှားတံတွေ ဆူးချွန်တွေတပ်ပစ်တာခေတ်စားခဲ့ပါတယ်။ ပြန်သုံးလို့ရလို့ပါ အခုတော့ခေတ်မရှိတော့ပါဘူး။ ဒါပေမဲ့ ဆူးချွန်တွေကို လေရိုင်ဖယ်တို့ စပရင်အားသုံးလေသေနတ်တို့မှာ သုံးလို့မဖြစ်ပါဘူး။
ပြောင်းအကျယ် Calibers
အသုံးများတဲ့ caliber တွေကတော့
• .177 (4.5 mm): ISSF [Int'l Shooting Sport Federation] ကကျင်းပတဲ့အပြည်ပြည်ဆိုင်ရာ 10m target shooting ပြိုင်ပွဲတွေအတွက်သုံးပါတယ် Olympic အဆင့် rifle နဲ့ pistol event ပါ။ သူ့ကိုသင့်တော်မယ့်ပြင်းအားထပ်ဆောင်းပြီး သူ့ပြောင်းအကျယ်နဲ့လိုက်ဖက်မယ့်သားကောင်ကိုအမဲလိုက်ဖို့သုံးပါတယ်
• .22 (5.5 mm & 5.6 mm): အမဲလိုက်ဖို့နဲ့အထွေထွေသုံးအတွက်ပါ ဒီဘက်နှစ်တွေမှာ .22 ကိုရိုင်ဖယ်ရောပစ္စတိုပါပြည်တွင်းသုံးသာမကအပြည်ပြည်ဆိုင်ရာသေနတ်ပစ်ပြိုင်ပွဲတွေမှာပါသုံးလာကြပါတယ် ISSF ကကိုင်တဲ့ event တွေတော့မဟုတ်ပါဘူး။ FT/HFT နဲ့ Smallbore Benchrest ပြိုင်ပွဲတွေမှာသိသိသာသာကြီးအသုံးပြုကြပါတယ်။
• သုံးလေ့ရှိကြသောအခြားပြောင်းများ
• .20 (5 mm): အစောပိုင်းခေတ်တွေမှာ Sheridan က multi-pump pneumatic air rifle ဆိုပြီးထုတ်ပါတယ် နောက်တော့ပိုကျယ်ကျယ်ပြန့်ပြန့်သုံးလာကြပါတယ်
• .25 (6.35 mm): ၂၀ရာစုခေတ်တွေမှာအသုံးအများဆုံးပြောင်းပါ
နောက်ပိုင်းမှာသားကောင်ကြီးတွေကို အမဲလိုက်ဖို့ ပြောင်းကျယ် air rifle တွေကို အကြီးစား manufacturer လုပ်ငန်းရှင်တွေကထုတ်လုပ်လာခဲ့ကြပါတယ် PCP အနေနဲ့ပိုများတယ် အသုံးများတဲ့ပြောင်းကျယ်တွေက
• .357
• .45 (11.43 mm)
• .50 (12.7 mm)
• .58 (14.5 mm)
Custom air gun တွေဆိုရင် 20 mm (0.79") သို့မဟုတ် .87 (22.1 mm) တွေနဲ့တောင်ရနေပါပြီ။
စနိုက်ပါနှင့်လေသေနတ်
လေသေနတ်ဆိုပြီးစွမ်းဆောင်ရည်ကိုလျော့မတွက်ပါနဲ့ အမေရိကန်စစ်သားတွေကို စနိုက်ပါသင်တန်းပေးတဲ့ စနိုက်ပါကျောင်းတွေမှာ marksmanship အတွက် လေသေနတ်ပစ်လေ့ကျင့်ခန်းကို သီးသန့်ထည့်သွင်းပြဌာန်းထားပါတယ်။ ငါကစစ်သုံးသေနတ်တွေ(ယမ်းသေနတ်တွေ)ကိုင်နေတာ မင်းကလေသေနတ်အဆင့်ဘဲရှိတာဆိုပြီး နှိမ်လို့မရပါဘူး၊ သူလည်းသူ့တာနဲ့သူလက်ဖြောင့်အရည်အသွေးမြှင့်တင်နိုင်တာမို့ပါ မဟုတ်ရင် အရာရာနီးပါးတတ်သိနားလည်နေကြ အရာရာအကောင်းကြိုက်နေကြတဲ့အမေရိကန်တွေ သူတို့စနိုက်ပါတွေကို လေသေနတ်ဘယ်ကျင့်ခိုင်းပါ့မလဲ။
လေသေနတ်နှင့်ဥပဒေ
တချို့နိုင်ငံတွေမှာ လေသေနတ်ကိုဥပဒေပြုရေးအနေနဲ့သတ်သတ်မှတ်ထည့်ပြီးရေးဆွဲပြဌာန်းတာမျိုးမလုပ်ပါဘူး။ တိုင်းပြည်တွေ ဒေသန္တရတွေမှာရှိတဲ့ ဥပဒေပြုရေးအာဏာရှင်တွေကကိုယ့်အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ကိုယ် ပြဌာန်းကြပါတယ်။ ပြောင်းအကျယ်၊ ပြင်းအား၊ ပြောင်းထွက်ရှိန်နဲ့ကျည်အမျိုးအစားပေါ်မူတည်ပြီး ပြဌာန်းပေးပါတယ်။ Airsoft gun တွေမှာတော့ လေသေနတ်လိုဥပဒေတွေနဲ့ဖိဖိစီးစီးထိန်းချုပ်တာမျိုးမရှိပါဘူး။ ဥပဒေဆိုတဲ့နေရာမှာ ဘယ်အသက်အရွယ်ရောက်မှစကိုင်ရမယ် ဘယ်လိုလူမျိုးကသေနတ်ရောကျည်ပါရောင်းဝယ်ခွင့်ရှိရမယ် ဒါတွေကိုသေချာစိစစ်ကန့်သတ်ပါတယ်။ တချို့နယ်မြေတွေကျတော့ လေသေနတ်ပိုင်ဆိုင်ခွင့်အတွက် ရာဇ၀တ်မှုကင်းရှင်းမရှင်းအစစ်ဆေးခံရပါတယ်။ သူတို့ဆီမှာတော့ e-government ကျင့်သုံးတဲ့အတွက်လူတစ်ယောက်ရာဇ၀င်ကို မိနစ်ဝက်လောက်နဲ့အကုန်တွေ့ပါတယ်၊ ဒီမှာလို ရပ်ကွက်ထောက်ခံစာယူဦး ရဲစခန်းသွားငုတ်တုတ်ထိုင်စောင့်ဦးနဲ့အချိန်မကုန်ပါဘူး။
Safety နှင့် အလွဲသုံး
သမိုင်းဝင်လေသေနတ်တွေကတော့စစ်ပွဲတွေအတွက် အဓိကသုံးတာပါ။ ခေတ်ပေါ်လေသေနတ်တွေကလည်း သေစေတတ်ပါတယ် UK မှာဆိုရင် .177 နဲ့ .22 တို့အတွက်သတ်မှတ်ထားတဲ့တရားဝင်လေသေနတ်ပြင်းအားနဲ့ကိုသေမှုသေခင်းတွေရှိနေတာတွေ့ရပါတယ်။ ပြင်းအားဆိုတာ ဒီမှာတယောက်နဲ့တယောက်မေးနေဖြေနေကြသလို FPS ကိုပြောတာမဟုတ်ပါဘူး အဲဒါပြင်းအားမဟုတ် ပြောင်းထွက်ရှိန်သာဖြစ်ပါတယ်။ ပြင်းအားဆိုတာ muzzle energy ခေါ် joule ကိုခေါ်ဝေါ်သတ်မှတ်တာပါ။ မရှင်းလင်းတဲ့သူတွေသိပ်များရင် ဆောင်းပါးတိုတစ်ပုဒ်သတ်သတ်ရေးပေးပါ့မယ်။
လေသေနတ် Special
Colt ကမ္ပဏီက သူ့ရဲ့ယမ်းပစ္စတိုကို Colt Special ဆိုပြီးနာမည်တပ်ရောင်းချခဲ့ဖူးပါတယ်။ Colt Special နော် Special Colt မဟုတ်ဘူး နာမည်အနေနဲ့သတ်မှတ်ထားတာ။ လေသေနတ်မှာတော့ Ordinary တို့ special တို့ဆိုပြီးနာမည်တပ်ထုတ်လေ့မရှိပါဘူး။ အိမ်ဘေးကတယုတ်ကြီးကတော့ ဘယ်လိုတွေနာမည်တပ်ရောင်းနေတယ်မသိပါ။ စာရေးသူတို့အပြည်ပြည်ဆိုင်ရာသေနတ်ပစ်ကွင်းမှာလေ့ကျင့်ခဲ့ရတာ Feinwerkbau တို့ Walther တို့ဆိုတဲ့ အကောင်းစားဂျာမန်မိတ်ကြီးတွေပါ။ .22 ရိုင်ဖယ်တွေဆိုရင်လည်း ဂျာမဏီဖြစ်တွေ ဆွဇ်ဇာလန်ဖြစ်တွေကို သေနတ်သမားတစ်ယောက်ကိုတစ်လက်သီးသန့်ဝယ်ပေးထားတာပါ အဖွဲ့ချုပ်မှာတော့ .22 ဆိုရင်လေသေနတ်မကိုင်ရတော့ပါဘူး ယမ်းရိုင်ဖယ် ယမ်းပစ္စတိုတွေသာကိုင်ရပါတော့တယ်။ သေနတ်အရောင်းသမားတွေက Powerful air gun တို့ accuracy air gun တို့စသဖြင့်သာ သေနတ်ရဲ့စွမ်းဆောင်ရည်ကိုညွှန်းပေးကြပါတယ်။ လေသေနတ်တစ်လက်ဟာအားလည်းပြင်းတယ် ပစ်မှတ်လည်းတိကျတယ်ဆိုရင်တော့ ကိုယ့်ဖာသာကိုယ် စပယ်ရှယ်လို့သတ်မှတ်လိုက်ယုံပါပဲ။ ဟိုတလောက "တောထဲတွင်ပျော်မွေ့ကြသူများ" ဂရုမှာတင်ပေးတဲ့ RWS 54 Air King ဆိုရင် လေသေနတ်ဘုရင်လို့တောင်နာမည်တပ်ထားတော့ သူ့ဈေးနဲ့သူစပယ်ရှယ်ပဲပေါ့ ။ လေသေနတ်ကမ္ပဏီတွေကလည်းတစ်ယောက်နဲ့တယောက်အပြိုင်အဆိုင် သူရောင်းတဲ့ဈေးမှာသူအကောင်းဆုံး special ဖြစ်အောင်လုပ်ထားကြသူချည်းပါ၊ ဈေးကွက်ဝေစုမရအောင်ကိုယ့်အရည်အသွေးကိုယ်ချမလုပ်ကြပါ။
ပြင်းအားသိချင်ရင်သေနတ်မ၀ယ်ခင် Joule ကိုအဓိကကြည့်ပါ FPS လည်းကြည့်ပါ၊ Caliber ကိုကြည့်ပါ။ ချိန်သားကိုက်မှုဆိုတဲ့ပစ်မှတ်တိကျမှုအတွက် group ကိုကြည့်ပါ။ ဒီအဓိကအချက်တွေကောင်းနေရင် ဒီသေနတ်ဟာအထူးသေနတ်ပါပဲ။ သာမညအချက်အနေနဲ့ မောင်းဆွဲရတဲ့အားကိုထည့်တွက်ပါ။ နွားသတ်သလိုမောင်းဆွဲနေရရင် စပယ်ရှယ်သတ်မှတ်မနေပါနဲ့တော့ ပထမတစ်ချက်လွဲအသွားမှာ ဟိုကထပြေးသွားပါပြီ။
နိုင်ငံတကာမှာတော့ အမေရိကန် ဂျာမဏီ ဘရစ်တိန်စတာတွေဟာ လေသေနတ်မှာဈေးကွက်အခိုင်အမာယူထားကြတာပါ။ တယုတ်နိုင်ငံဟာ သူတို့ကိုမတိုးနိုင်ပါဘူး။ အိမ်နီးချင်းတွေထဲမှာ India ကတော့လေသေနတ်ကိုအားအပေးဆုံးပါ ကမ္ဘာမှာကျော်ကြားတဲ့လေသေနတ်မှန်သမျှ သူတို့အကုန်တင်ရောင်းပါတယ်။ ဒီမှာတော့ လေသေနတ်ရောင်းဖို့နေနေသာသာ ကိုယ့်ဖာသာလေအိုးတွေဂက်စ်လေးတွေနဲ့ထွင်နေကြတဲ့လက်ဖြစ်တီထွင်သူတွေကို မြေတောင်မြောက် အားပေး ပညာတော်သင်တွေစေလွှတ်နဲ့လုပ်ပြီး ရုရှလို အေကေရောင်းစီးပွါးဖြစ်ရမယ့်အစား ထောင်ထဲတောင်ထည့်လိုက်ပါသေးတယ်။ ဦးနေ၀င်းလက်ထက်ကလည်း မောင်ဗမာဘကွန်းဆိုတာအဖမ်းခံခဲ့ရတယ်လို့ ကြားဖူးပါတယ်၊ ဓါတ်ခဲတီထွင်လို့ပါ အဲဒီခေတ်ကထိပ်တန်းရောက်နေတဲ့ ဂျပန်လုပ်တွေထက်တောင်သာပါတယ်။ ဒီနည်း မောင်ဗမာဘကွန်းလည်းကနောင်မင်းသားကြီးနောက်လိုက်ပြီး လက်မှိုင်ချခဲ့ရပါတယ်။ ဒီလိုတော်တဲ့သူတွေအုပ်ချုပ်ခဲ့တဲ့တိုင်းပြည်ပါ။
မြန်မာပြည်နှင့်လက်နက်ဥပဒေ
မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ India Act XI, 1878 [1st October, 1878] ဆိုတဲ့" လက်နက်များအက်ဥပဒေ" မှာ
လက်နက် Arm ကိုအဓိပ္ပါယ်ဖွင့်ဆိုတဲ့ ပုဒ်မ ၄။ ရဲ့ဖွင့်ဆိုချက် ၁။၂။၃။၎။ တွေမှာလေသေနတ်မပါသလို
ခဲယမ်းမီးကျောက် (ကျည်) Ammunition ကိုဖွင့်ဆိုရာမှာလည်း ခဲ၊ ကန့်၊ နှင့်ယမ်းစိမ်းမပါပါ။ ဒါပေမဲ့ ခဲသီးနဲ့ပစ်တဲ့လေသေနတ်တွေ့ရင် 1988 ခုနှစ်နောက်ပိုင်းကနေအခုခေတ်အထိထောင်ချနေပါတယ်။ 1988 မတိုင်ခင်ကလေသေနတ်မပြောနဲ့ သေနတ်တောင်လိုင်စင်နဲ့ကိုင်လို့ရပါတယ်။ အခုတော့ လွှတ်တော်မှာတင်သွင်းမဲခွဲတဲ့ဥပဒေတွေနဲ့မဟုတ်ဘဲ စစ်အစိုးရခေတ်မှာထုတ်ခဲ့တဲ့ နှုတ်မိန့်တွေလည်းအသက်ဝင်နေတာတွေရှိနေပါသေးတယ်။
ဒီဥပဒေနဲ့မဟုတ်ပေမဲ့ဟိုဥပဒေနဲ့ငြိစွန်းနိုင်ပါသေးတယ်။ ဒါကြောင့် စာရေးသူမည်သည့်လက်နက်မှမကိုင်ပါ။
ဒီလောက်ဆိုရင် messenger ကနေမေးမြန်းလာသူတချို့ကျေနပ်မယ်ထင်ပါတယ်။ မေးတာကမေးခွန်းတစ်ခွန်းပေမဲ့ ဖြေလိုက်ရတာကတော့အရှည်ကြီးမို့ ဒီလောက်နဲ့ပဲကျေနပ်ပြီးကျန်တာကိုယ့်ဖာသာတွေးယူကြပါ။
တိုးတက်ပါစေမြန်မာပြေ
#crdဦးမင်း
ဈေးနန်းက
ReplyDelete