" KARABINER 98K "
xxxxxxxxxxxxxxxx
Karabiner 98K ဟာ ဂျာမန်တပ်မတော်သုံး ရိုင်ဖယ်ဖြစ်ပြီးတော့ ၁၉၃၅ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်းမှာ ဆီမီးအော်တိုမစ်တစ် ရိုင်ဖယ်တွေ အော်တိုမစ်တစ် စက်သေနတ်တွေ ထုတ်လုပ်ခဲ့ပေမယ့် 98kဟာ စစ်ကြီးပြီးတဲ့အထိ ဂျာမန်တပ်မတော်ရဲ့ အဓိကသေနတ်ဖြစ်ခဲ့ပါတယ်။
၁၉၃၄ ဖေဖော်ဝါရီမှာတော့ ဂျာမန်လက်နက်ဌာန(Heereswaffemant)က ရိုင်ဖယ်သေနတ်သစ်များ မှာယူခဲ့ပါတယ်။ မောက်ဆာ(Mauser)ကုမ္ပဏီဟာ ၁၉၂၄ ခုနှစ်က ထုတ်လုပ်ထားတဲ့ 98b သေနတ်ဒီဇိုင်းကို မှီငြမ်းကာ ပိုမိုပေါ့ပါးပြီး သေနတ်ပြောင်းတိုတဲ့ 98k ရိုင်ဖယ်ကို ထုတ်လုပ်ခဲ့ပါတယ်။ 98k ဟာ ကိုင်တွယ်ရလွယ်ကူပြီး ပစ်ခတ်ရာတွင် တည်ငြိမ်မှု့ရှိကာ သာမန်ချိန်ဆိုဒ်(iron sight)နှင့် ကိုက် ၅၅၀ထိ ပစ်ခတ်နိုင်ပြီး စနိုက်ပါမှန်ပြောင်း(8x)နှင့် ကိုက် ၁၀၉၀ကို ထိရောက်စွာ ပစ်ခတ်နိုင်ပါတယ်။ 98k များကို စနိုက်ပါအမျိုးအစား၊ သေနတ်ဒင် ခေါက်နိုင်သော လေကြောင်းချီတပ်သုံး အမျိုးအစားနှင့် သေနတ်အလျား အနည်းငယ်တိုသော G40k အမျိုးအစားတို့ကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။
K98 ဟာ မောင်းတုံးစနစ်သုံး တချက်ပစ်ရိုင်ဖယ်ဖြစ်ပြီး ၇.၉၂x၅၇ မမ ကျည်ငါးတောင့်ပါ မောက်ဆာကလစ်ကို ထည့်သွင်းအသုံးပြုနိုင်ပြီး တတောင့်ခြင်းလည်း ထည့်သွင်းပစ်ခတ်နိုင်ပါတယ်။ သေနတ်အတွင်းပိုင်းရှိ အောက်ခံပြားတခုကို ဖယ်ထုတ်လိုက်ပါက ကျည်အတောင့်ရေ ပိုမို ထည့်သွင်းထားနိုင်ပါတယ်။ ရိုင်ဖယ်ရဲ့ သတ္ထုအစိတ်အပိုင်းများကို တာရှည်ခံရန် Magnetite(Fe3O4)ကို သုတ်လိမ်းထားပြီး သေနတ်ကိုယ်ထည်နှင့်ဒင်ကို ဝက်သစ်ချသား သို့မဟုတ် သစ်ကြားသားနှင့် ပြုလုပ်ထားပါတယ်။ 98k ရိုင်ဖယ်မှာ တပ်ဆင်ရန် အရိုးအသွား ၁၅.၂လက်မ အရှည်ရှိတဲ့ S84/98 3 အမျိုးအစား လှံစွပ်ကို ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၄၂တွင် ရိုင်ဖယ်တွင်တပ်ဆင် ပစ်ခတ်နိုင်သောဗုံးသီး(Schiessbecher)ကို ထုတ်လုပ်ခဲ့ပြီး Gewhr 43၊ STG 44နှင့် 98k ရိုင်ဖယ်တို့တွင် တပ်ဆင်ပစ်ခတ်နိုင်ကာ ပို့ကျည်အဖြစ် သစ်သားကျည်ကို အသုံးပြုပါတယ်။ ၃၀မမ အချင်းရှိတဲ့ ထိုဗုံးသီးဟာ ၃၀၆ကိုက် အကွာအဝေးကို ပစ်ခတ်နိုင်ကာ ရန်သူ့ခံတပ်ငယ်နှင့် အပေါ့စားသံချပ်ကာယာဉ်များကို ချေမှုန်းနိုင်ပြီး ဗုံးသီးပေါင်း ၁၄၅၀၁၁၃ခု ထုတ်လုပ်ခဲ့ပါတယ်။
HUB 23 အသံထိန်းပြောင်းပိုကိုပါ ထုတ်လုပ်ပေးထားပြီး အဆိုပါ အသံထိန်းပြောင်းပိုမှာ ၁ပေါင်ကျော်ကျော်လေးပြီး ၇.၁လက်မရှည်ပါတယ်။ HUB 23 နှင့် တွဲဖက်ပစ်ခတ်ရန် Nahpatrone အထူးကျည်ကိုပါထုတ်လုပ်ခဲ့ပြီး သာမန် 98k ရိုင်ဖယ်များ၏ သေနတ်သံထက် ၇၅ရာခိုင်နှုန်း ကျယ်လောင်မှု့ လျော့နည်းပါတယ်။ Nahpatrone ကျည်၏ ထိရောက်အကွာအဝေးမှာ ကိုက်၃၃၀ဖြစ်ပြီး HUB 23နှင့် Nahpatroneကျည်များကို ဂျာမန်အထူးတပ်ဖွဲ့နှင့် စနိုက်ပါများတွင် အဓိက အသုံးပြုပါတယ်။
K98 ရိုင်ဖယ်ဟာ ၁၉၀၀ပြည့်နှစ်က ရိုင်ဖယ်ကိုအခြေခံပြီး တည်ဆောက်ထားတာကြောင့် လေးလံပြီး သေနတ်ဘယ်လောက်မြန်မြန် ပစ်နိုင်လဲဆိုတာက ပစ်တဲ့သူရဲ့ မောင်းဘယ်လောက်မြန်မြန်ချိန်နိုင်လဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ၁၉၃၆မှာ ထုတ်လုပ်ခဲ့တဲ့ အမေရိကန်ရဲ့ M1 Garandရိုင်ဖယ်ဟာ ဆီမီးအော်တို ဖြစ်ပြီး ပစ်အားပိုမိုကောင်းမွန်ပါတယ်။ သို့ပေမယ့် ဂျာမန်တို့ဟာ 98kကို ဆက်လက်သုံးစွဲခဲ့ကြပြီး မိမိတို့ဂျာမန်တပ်မတော်၌ တပ်စုတစုတွင် MG အမျိုးအစား အပေါ့စားစက်သေနတ်တလက်စီ ထပ်ဆင်ပေးထားသောကြောင့် ပစ်အားတွင် မိမိတို့မှာ သာမြဲသာဆဲဖြစ်သည်ဟူ၍ ဂျာမန်ဝါဒဖြန့်ချိရေးဌာနမှ ကြေညာခဲ့ပါတယ်။
နောက်ပိုင်းတွင် ဆိုဗီယက်စစ်မျက်နှာရှိ မြို့တွင်းတိုက်ပွဲများတွင် ရုရှား pppshများကြောင့် 98kများ သုံးစား၍မရနိုင်သော အခြေအနေသို့ ရောက်လာမှသာ Gewhr 43 မောင်းပြန်သေနတ် ၄၀၂၇၁၃လက်နှင့် Mp 43, 44, Stg 44 မောင်းပြန်ရိုင်ဖယ် ၄၂၅၉၇၇လက် ထုတ်လုပ်ခဲ့ပေမယ့် ထိုအရေအတွက်ဟာ K98 တွေကိုအစားထိုးရန် လုံလောက်မှု့ မရှိခဲ့သောကြောင့် K98 တွေဟာ စစ်ကြီးပြီးဆုံးသည်အထိ ဂျာမန်တပ်မတော်ရဲ့ အဓိကလက်နက်အဖြစ် ဆက်လက်ရှိနေ့ခဲ့ပြီး ဂျာမန်တို့ဟာ လက်နက်ချခဲ့သည့်အချိန်အထိ ဆက်လက်ထုတ်လုပ်နေခဲ့ပါတယ်။
98k တွေကို ဒုတိယကမ္ဘာစစ်မတိုင်မီက ပေါ်တူဂီ၊ တရုတ်နှင့် ဂျပန်တို့ကို ရောင်းချခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် အပြီးမှာတော့ ဆိုဗီယက်တို့ဟာ 98k ရိုင်ဖယ် တသန်းကျော်ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ ထို့ပြင် စစ်ကြီးပြီးဆုံးပြီးနောက် နော်ဝေ၊ အနောက်ဂျာမနီ၊ ယူဂိုဆလပ်၊ ဘယ်လဂျီယံ၊ အရှေ့ဂျာမနီ၊ ပြင်သစ်တို့တွင် ဆက်လက်အသုံးပြုခဲ့ပါတယ်။ ချက်ကိုစလိုဗက်ရှိ Zastava Armsမှ 98kကို ကော်ပီယူ၍ အနည်းငယ်ပြင်ဆင်ထားသော M48 အမဲပစ်ရိုင်ဖယ်ကို ယနေ့တိုင်ထုတ်လုပ်နေဆဲဖြစ်ပါတယ်။ အစ္စရေးနိုင်ငံမှာလည်း ဂျာမနီထုတ် 98kများအပြင် ၁၉၄၈၌ ဘယ်လ်ဂျီယံ Fabrique Nationaleမှ 98kကော်ပီများကို မှာယူခဲ့ပြီး ၁၉၇၀ခုနှစ်အထိ အသုံးပြုခဲ့ပါတယ်။ ထို့ပြင် ကိုရီးယားစစ်ပွဲ နှင့် ဗီယက်နမ်စစ်ပွဲ၊ အီရန် အီရတ်စစ်ပွဲ တို့မှာလည်း ၂ဖက်လုံးတွင် 98k များကို အသုံးပြုခဲ့ကြပါတယ်။
နော်ဝေတပ်မတော်သုံး Våpensmia NM149 နဲ့ NM149-F1 စနိုက်ပါရိုင်ဖယ်တို့ဟာ 98k ရိုင်ဖယ်ကို အခြေခံထုတ်လုပ်ထားကြောင်းသိရှိရပြီး အချို့သော နိုင်ငံများရှိ တပ်မတော်များတွင် 98kများကို အသုံးပြုလျက်ရှိနေကြပြီး အချို့တွင်တော့ စစ်ရေးပြအခမ်းအနားသုံး ရိုင်ဖယ်အဖြစ် အသုံးပြုလျက်ရှိပါတယ်။ ထို့ပြင် ယနေ့ဖြစ်ပွားနေသော ဆီးရီးယားပြည်တွင်းစစ်တွင်လည်း ISIS တို့ 98k များကို အသုံးပြုနေပါတယ်။ ၁၉၃၅ခုနှစ်ကနေ ၁၉၄၅ခုနှစ်အထိ ဂျာမနီတွင် 98kရိုင်ဖယ်ပေါင်း ၁၄၆၀၀၀၀၀လက် ထုတ်လုပ်ခဲ့ပါတယ်။ ။
#Knight_Cross
#MNJ
#စစ်မှတ်တမ်း
No comments:
Post a Comment